ထမနဲ ထိုးနည်း
ထမနဲ အချိုး
ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်းလာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့ မအိမ်ကံဝတ္ထု ထဲမှာလည်း ဖော်ပြထားတာတွေ့ ရပါတယ်။
(၁) ကောက်ညှင်းဆန်....... (၄) ပြည်
(၂ ) မြေပဲ....................... (၈၀) ကျပ်သား
(၃) နှမ်းဆီ(သို့ )မြေပဲဆီ.... (၁)ပိဿာ
(၄) နှမ်းစေ့( မဲ+အဖြူ )...... (၃၂) ကျပ်သား
(၅) အုန်းသီးစိတ်.............. (၂၀) ကျပ်သား
(၆) ဆား......................... (၇) ကျပ်သား
(၇) ချင်း.......................... (၁၅) ကျပ်သား

ထမနဲမထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီး အနည်းဆုံး (၃) နာရီခန့် ကြိုတင်ရေစိမ်ထားရပါမယ်။
မြေပဲတွေကို လှော်ပြီး အခွံတွေ ပြောင်စင်နေအောင် သန့် စင်ပါ ။
၂ ခြမ်းကွဲသွားအောင် လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။ (အလွယ်သုံး မြေပဲဆားလှော်တွေ မသုံးပါနှင့် )
နှမ်းတွေကိုလည်း သန့် စင်ပြီး(လိုအပ်ပါက) လှော်ထားပါ။
အုန်းသီးတွေကို အနေတော် ပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ(၃)နာရီလောက် ဇကာနှင့် ဖြန့် လှန်းထားပါ။
ချင်းတွေကို အခွံခွာ ရေဆေးပြီး မျှင်မျှင်လေးတွေလှီးပါ။
ရေစိမ်ထားတဲ့ ကောက်ညှင်းတွေကို ဇကာနှင့် ရေစင်အောင် စစ်ထားပါ။
ပထမဆုံး မိုးဗြဲဒယ်မှာ ဆီကိုအပူပေးပြီး အုန်းသီးတွေကို ရွှေအိုရောင်ရအောင် ကြော်ပြီး ဆီစစ်ထားပါ ။
ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ။
အနံ့ မွှေးပြီး နွမ်းလာလျှင် ရေစစ်ထားတဲ့ ကောက်ညှင်းဆန်တွေ ထည့်ပေါင်းကာ သစ်သားယောင်းမ အရှည်နှင့် မွှေပေးပါ။ ( ကြော်ချင်ဟန်ပြုပါ )
ဆီနဲ့ တွေ့ ပြီး ကောက်ညှင်းတွေ အကြောတင်းသွားပြီဆိုမှ ဆားဖြင့် အရသာသွင်းပါ။
ကောက်ညှင်းဆန်အထက် ရေလက်၂ ဆစ်ခန့် ထည့်ပြီး စကောကြီးကြီးများကို လက်ကိုင်ကွင်းတပ်ထားသော အဖုံးများနှင့် ဖုံးထားပါ ။
ရေမခမ်းခင်အထိတော့ (၁၀ )မိနစ် တစ်ခါလောက် ယောင်းမနှင့် နှံ့ အောင် မွှေပေးရပါမယ်။
ရေခမ်းသွားပြီဆိုရင်တော့ မီးတောက်တွေကို လျှော့ချပြီး ငှက်ပျောဖက်အုပ်အဖုံး၊ ဖုံးကာနှပ်ပေးရပါမယ်။
ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို့ နပ်ပြီဆိုမှ သစ်သားယောင်းမ ကိုင်ပြီး မွှေသူ၂ ဦးရဲ့ ယောင်းမအရင်းကနေ ကိုင်ပြီး ကောက်ညှင်းတွေကို ပွတ်ချေပေးရပါတယ်( ထိုအလယ်လူနေရာကို ထမနဲကျွမ်းကျင်သူ အိုးသူကြီးများ တာဝန်ယူတာများပါတယ် )
ထိုအချိန်မှပဲ အိုးသူကြီး ညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို့ )အစိမ်းများကို ထည့်ကာ သမသွားအောင် နယ်ပေးပါမှ ကောင်းမွန်တဲ့ ထမနဲကို ရရှိတာ ဖြစ်ပါတယ်။
နှစ်စဉ် အိမ်မှာထမနဲ ထိုးတော့ မိုးဗြဲဒယ်ကြီးတွေ တည်ဖို့ မြေကြီးကို တွင်းတူးပြီး အုတ်နီခဲများနဲ့  ခနောက်ဆိုင် ပြုလုပ်ကာ မီးဖို (ယာယီ ပြုလုပ်တတ်ပါတယ်)
ဒီလိုပြုလုပ်တာဟာ မီးအရှိန်ကြောင့် လူပင်ပန်းမှုကို သက်သာစေသလို လေတိုက်နှုန်းတွေကြောင့် မီးညွန့် တွေ မလှုပ်ရှားစေပဲ ထိရောက်တဲ့ အပူရှိန်ကို ရရှိစေတယ်လို့ ဆိုပါတယ်။
နယ်တဲ့အချိန်လည်း ထိုကျွင်းမျိုးမှာ ပြုလုပ်လေ့ရှိပါတယ်။ နယ်တဲ့အချိန်မှာလည်း ဒယ်အိုးအောက်ခြေငြိမ်ပြီး ယောင်းမကိုင်သူရော ကြိတ်ချေသူကိုပါ သက်သာစေသလို မုန့် ကိုလည်း မိမိလိုချင်တဲ့ အနေအထား
ရောက်တယ်လို့ ထမနဲအိုးသူကြီးများထံမှ မှတ်သားဖူးပါတယ်။
Source: ဟင်းချက်နည်းများ

MYKA Ecommerce
www.myka.com.mm
www.myka.com.mm
No comments:
Post a Comment