Tuesday, December 5, 2017

အာလူးလုံးအကြွပ်ကြော်

အာလူးလုံးအကြွပ်ကြော်

အိမ်မှာ အပျင်းပြေ တခုခု ကြော်ချက်စားချင်ရင်ပဲဖြစ်ဖြစ် ရုပ်ရှင်၊ တီဗီကြည့်တဲ့အခါ အပျင်းပြေ အာလူးလုံးကြော်လေး စားချင်ရင်ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့ အရသာရှိရှိလေး ကြော်စားလို့ရအောင် အာလူးအလုံးအကြွပ်ကြော် ကြော်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံး အာလူးအလတ် (၃) လုံးကို ရေစင်အောင်ဆေးကာ ပြုတ်ပါ။ နူးအိတဲ့အခါ အအေးခံပြီး အခွံနွှာထားပါ။ ပြီးရင် ကြေအောင်ချေပါ။
ကြက်သွန်ဖြူ (၂) မွှာ၊ ချင်းအနည်းငယ်၊ ငရုတ်သီးစပ်စပ်(၁) တောင့်တို့ကို ရောကာထောင်းပါ။ အစပ်မစားချင်ဘဲ အချိုပဲစားမယ်ဆိုရင် ငရုတ်သီးဖယ်လိုက်ပါ။ နံနံပင်အနည်းငယ်၊ ပျဉ်တော်သိမ်းရွက်(၂) ရွက်တို့ကို တတ်နိုင်သမျှ ပါးပါးလေးလှီးပါ။ ဒယ်အိုးကို ဆီ(လက်ဖက်စားဇွန်း ၂ ဇွန်း) ထည့်ပြီး အပူပေးပါ။ ဆီပူလာပြီဆိုရင် ခုနက ထောင်းထားတဲ့ အရွက်အသီးတွေကို ထည့်ပေးပါ။ မုန်ညင်းစေ့ရှိရင် အနည်းငယ်ထည့်ပေးပါ။ ကျွတ်ကျွတ်မြည်လာပြီဆိုရင် မီးအပူလျော့လိုက်ပါ။
ကြေအောင်ချေထားတဲ့အာလူးကို ပန်းကန်ထဲထည့်ပါ။ ထို့နောက် ဆီပူပေးထားတဲ့ အရွက်တွေကို ထည့်ပါ။
သံပရာရည် ၂ စက်လောက်ညှစ်ပေးပါ။ ဆားအနည်းငယ်ထည့်ပြီး ရောသမအောင် မွှေပေးပါ။ လိုချင်သလောက် အရွယ်အစားလေးတွေ ညီညီလေးဝိုင်းအောင်လုံးပါ။
ဇလုံထဲကို မုန့်ဖုန်ပေါင်ဒါထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီး ရေသုံးပုံတပုံ ထည့်ပါ။ ဒါဆိုရင် မုန့်နှစ်ရပါပြီ။ အာလူးလုံးထားတဲ့ အလုံးတွေကို မုန့်နှစ်ထဲ စိမ်ပေးပါ။
နောက်ဆုံးအဆင့်ကတော့ ဆီအပူပေးကာ ကြော်ပေးပါ။ ဒါဆိုရင် အရသာရှိတဲ့ အာလူးအလုံးအကြွပ်ကြော် အပျင်းပြေစားလို့ရပါပြီ။









Source: မိုမိုလေး

MYKA Ecommerce
www.myka.com.mm

No comments:

Post a Comment