Friday, December 8, 2017

ကြာဇံချက်

ကြာဇံချက်







ကြာဇံချက် ချက်တဲ့ပုံစံတွေ အများကြီးရှိသည့်အနက် ဒီနေ့ချက်ဖြစ်တဲ့ချက်နည်းကို အကြိုက်ဆုံးပါ။ ကိုယ်တိုင်ကိုက ကြာဇံချက်က ကိုယ့်ရဲ့အကြိုက်ဆုံးအစားအစာတွေထဲမှာ တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ကြာဇံချက်မှာ အဓိကက ကြက်သားဆီသတ်တာ အရေးကြီးပါတယ်။ ဆီသတ်တဲ့အနံ့ ကောင်းဖို့ရယ်၊ ကြက်ပြုတ်ရည် ၊ ငံပြာရည်ကောင်းဖို့ရယ်က အဓိကကျပါတယ်။ ဆီသတ်တဲ့ အနံ့ ကောင်းကောင်းရဖို့ ကိုယ်တိုင်ပုံစံအမျိုးမျိုးနဲ့ လက်တည့်စမ်းပြီး ချက်ခဲ့ဖူးတယ်။ ကြက်သားကို ကြက်သွန်နီ/ဖြူ ထောင်းပြီး ဆီသတ်လိုက်လို့ ထွက်လာတဲ့အနံ့  ၊ ကြက်သွန်နီ/ ဖြူ /ချင်း သုံးမျိုးပေါင်းပြီး ဆီသတ်လို့ထွက်လာတဲ့ အနံ့၊ ကြက်သွန်နီ တမျိုးထဲထည့်ပြီး ထွက်လာတဲ့အနံ့ ၊ ဘာမှမထည့်ပဲ ဆီပူပူမှာ ဆနွင်းအရောင်တင်ပဲ ထည့်ပြီး ထွက်လာတဲ့အနံ့ ၊ ကြက်သွန်ဖြူတစ်မျိုးထဲပဲ ထောင်းပြီး ဆီသတ်လိုက်လို့ထွက်လာတဲ့ အနံ့မျိုးစုံပေါ့။
နောက် ဘာမှဆီမသတ်ပဲ ကြက်ပြုတ်အိုးထဲ အကုန်ပစ်ထည့်ပြီးတော့လည်း ချက်ဖူးတယ်။ အားလုံးထဲမှာမှ ကိုယ်အကြိုက်ဆုံးနဲ့ ကြာဇံချက်ရဲ့ ဟင်းပွဲနဲ့အလိုက်ဖက်ဆုံးကတော့ အခုချက်ပြမယ့် ကြက်သွန်ဖြူ တစ်မျိုးထဲ ထောင်းပြီး ဆီသတ်ပြီး ချက်တဲ့ပုံစံကို အကြိုက်ဆုံးပါ။ အနံ့ရော အရသာပါ တကယ်ကောင်းပါတယ်။ နောက်တချို့က ကြက်သားကို အစိမ်းလိုက်သေးသေးလေးတွေတုံးပြီးချက်တယ်။ အခုချက်မယ့်ပုံစံက ကြက်သားကို အရင်ပြုတ်ပြီးမှ ချက်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားတဲ့ အိမ်ရှင်မတွေအတွက် နည်းပေါင်းစုံရှိတဲ့ ချက်နည်းထဲက ပုံစံတစ်မျိုးပေါ့နော်။

ပါဝင်ပစ္စည်းများ
ယိုးဒယားကြာဇံ တစ်ဆယ်သား (ဘာလို့ ယိုးဒယားကြာဇံကိုရွေးပီးချက်သလဲဆိုတော့ ဒီကြာဇံက ချက်လိုက်ရင် အချောင်းလေးတွေက ကြည်ကြည်လေးနဲ့ပွလာပြီး စားလိုက်ရင်လည်းထွေးထွေးလေးနဲ့ ပိုစားကောင်းလို့ပါ )
ကြက်သား ၁၅ ကျပ်သား
ကြက်သွန်နီ ခြောက်လုံး
ကြက်သွန်ဖြူ ဥကြီး တစ်လုံး
ငံပြာရည် (ငံပြာရည်ကို သုံးရင် အရမ်းအနံ့မဆိုးတဲ့ ငါးငံပြာရည် အချိုရည်ကို သုံးပါ)
ဆား၊ ကြက်သားမှုန့်၊ အချိုမှုန့် ၊ သကြားအနည်းငယ်၊ ဆနွင်း ၊ အရောင်တင်မှုန့် ၊ငရုတ်ကောင်းမှုန့်၊ အနည်းငယ်
ကြက်ဥ နှစ်လုံး (ဘဲဥ/ငုံးဥ) ကိုယ်နှစ်သက်ရာ၊ မှိုခြောက် ၊ ပန်းခြောက် ၊ ပဲပြားလိပ် နှစ်ရာတန် တစ်ထုပ်စီ ၊ နံနံပင်၊ ကြက်သွန်မြိတ်၊ သံပုရာသီး၊ ငရုတ်သီးလှော်မှုန့်၊ ဆီ အနည်းငယ်တို့ လိုအပ်ပါတယ်။
ငါးဖယ်ကိုပြုတ်ပြီး အတုံးသေးသေးလေးတွေတုံးပြီးထည့်ချင်လည်းရပါတယ်။
ချက်နည်း
အရင်ဆုံး ကြက်သားကို ဆား၊ ကြက်သားမှုန့်လေး အနည်းငယ်ထည့်ပြီး ပြုတ်ထားပါ။
ကြက်သွန်ဖြူကို အခွံနွှာပြီး မညက်တညက်ထောင်းထားပါ။
ကြက်သွန်နီ ကို အလုံးလိုက် ခွာထားပါ။ မှိုခြောက်ပန်းခြောက်ကို ရေစိမ်ထားပါ။
ကြာဇံကို ရေစိမ်ထားပါ။ မှိုခြောက်များကို ရေစိမ်လို့ပွလာပီဆိုလျှင် သဲများကို ပြောင်အောင်ဆေး၍ အနေတော် လေးညှပ်ထားပေးပါ။ ပန်းခြောက်များကို အလယ်က အရိုးလေးတွေထုတ်ြပီး ထုံးထားပေးပါ။
ကြက်ပြုတ်အိုးထဲက ကြက်သားနူးပီဆိုလျှင် ဆယ်ယူ၍ အသားများကို အမျှင်ခပ်ကြီးကြီးလေး နွှာပေးထားပါ။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုလျှင် ဟင်းအိုးဆီသတ်လို့ ရပါပြီ။
ပထမဆုံး အိုးဆီပူလျှင် ပဲပြားလိပ်တွေကို အရင်ကြော်လိုက်ပါ။ နည်းနည်းလေးကြွပ်လာပြီဆိုလျှင် ပြန်ဆယ်ထားပါ။ ပြီးလျှင် ထောင်းထားသော ကြက်သွန်ဖြူကို ဆီိသတ်ပါ ၊မတူးပါစေနှင့်။ အနံမွှေးလာလျှင် ဆနွင်းအရောင်တင် အနည်းငယ်ထည့်ပါ။ ပြီးလျှင် ကြက်သားများကို ထည့်ပါ ၊မွှေပါ ရေအနည်းငယ်ထည့်ပါ။ ရေခမ်းလျှင် မှို ၊ ပန်းခြောက်၊ ကြက်သွန်နီ၊ ကြက်သားမှုန့် ၊ ငရုတ်ကောင်းမှုန့်ထည့်ပါ။ ရေနည်းနည်းစီထည့်ပြီး မှိုအနည်းငယ် နူးလာသည်ထိ စိတ်ရှည်ရှည် ဆီသတ်ပေးပါ။ အားလုံး အနံ့ပြည်စုံလျှင် ကြက်သားဆီသတ်တာ ပြီးပါပြီ။ အဲ့အချိန်မှာ တစ်ဖက်က ကြက်ပြုတ်ရည်အိုးကို ရေအနည်းငယ်ထပ်ထည့်ပြီး ပွက်ပါစေ ပွက်လာလျှင် ကြက်သားဆီသတ်ထားတာတွေကို ကြက်ပြုတ်ရည်အိုးထဲသို့
ထည့်ပြီး ထပ်ပြီးပွက်ပွက်ဆူအောင် တည်ထားပေးပါ။ ဟင်းရည်အိုး ပွက်ပွက်ဆူမှ ရေစိမ်ထားတဲ့ ကြာဇံကို အနေတော်လေးတွေ ဖြတ်၍ထည့်ပေးပါ။ ကြော်ထားသော ပဲပြားလိပ်တွေကို ထည့်ပါ။ ပြုတ်ထားတဲ့ကြက်ဥကို ပါးပါးလှီးပီး ထည့်ပေးပါ။ အရသာအတွက် ငံပြာရည်ကို ဟင်းရည်အိုးပွက်ပွက်ဆူမှ ထည့်ပါ။ အဲ့ဒါမှ ငံပြာရည်အနံ့ မနံမှာပါ။ ဆား ၊ကြက်သားမှုန့်၊ အချိုမှုန့် ၊သကြား အားလုံးကို မိမိစိတ်ကြိုက်အရသာကို ထိန်းပြီးထည့်ပါ။ အရေးကြီးပါတယ်၊ အရသာငန်လွန်းရင်လည်းမကောင်း ပေါ့ရင်လည်းမကောင်း အချိုမှုန့်တွေ အရမ်းများရင်လည်း မကောင်းပါဘူး။ အားလုံးပြီးရင် ငရုတ်ကောင်းမှုန့်အနည်းငယ် ထပ်ထည့်ပါ။ ကြာဇံလည်းပွလာပြီ ၊ ဟင်းရည်လည်းအရည်ကျလာပြီဆိုလျှင် အရမ်းအရသာရှိတဲ့ ကြာဇံချက်တစ်ခွက် ရပါပြီရှင်။ နံနံပင်၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ ပါးပါးလှီးထားတာလေးကို ထည့်၍ သုံးဆောင်ပါ။ ငရုတ်သီးမှုန့် ၊ သံပုရာသီး အရည်ညှစ်ပြီးလည်း သုံးဆောင်ကြည့်ပါ။ အရမ်းကောင်းပြီး အရသာရှိပါတယ်ရှင်.....
Source : ဒေါ်မေတို့ ရွာကလေး

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment