Monday, December 4, 2017

ဝက်သားပုန်းရည်ကြီး

ဝက်သားပုန်းရည်ကြီး ဆိမ့်ဆိမ့်စပ်စပ်လေး

ဝက်သားပုန်းရည်ကြီးက လူအများစုတော့ချက်တတ်တဲ့ဟင်းလေးပါ။ ပုံမှန်ကတော့ ၀က်သားချက်နည်းအတိုင်းကို ပုန်းရည်ကြီးထည့်ချက်ကြတာများပေမယ့် ပုန်းရည်ကြီးကိုအရင် ဆီသတ်လိုက်တာက ပိုမွှေးပါတယ်။ ပြီးတော့ ပုန်းရည်ကြီးအသုပ်လေးလိုလဲစားချင်ရင် ဟင်းအိုးရခါနီးမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီးကိုပါးပါးလှီးပြီးထည့်ပါ။ ဆိမ့်ဆိမ့် စပ်စပ်လေးပေါ့နော်။ ချက်စားကြည့်နော်။


ပါဝင်သောပစ္စည်းများ

၁။ ၀က်သား - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ကြက်သွန်နီ - ၁ လုံး
၃။ ကြက်သွန်ဖြူ - ၁၀ မွှာ
၎။ ဆား - အနည်းငယ်
၅။ သကြား (သို့ ) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ ကြာညို့ (ပဲငံပြာရည်အပျစ်) - လက်ဖက်ရည်ဇွန်း တ၀က်
၇။ ပုန်းရည်ကြီး - ၂ ထုပ်
၈။ ငရုတ်သီးစိမ်း - ၅တောင့်
၉။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း

ပြုလုပ်နည်း

၁။ ၀က်သားကို အတုံးတုံးပြီး ရေဆေးထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ၂ တက်ကိုတောက်တောက်ဆင်းထားပါ။ ကျန်သော ကြက်သွန်ဖြူ ၈ တက်ကိုပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။

၂။ ၀က်သားကို ဆီ ထမင်းစားဇွန်း ၄ ဇွန်း၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူ၊ ဆား၊ သကြား(သို့ ) အချိုမှုန့် ၊ ကြာညို့ (ပဲငံပြာရည်အပျစ်) တို့ ဖြင့်နယ်ပြီး မီးဖိုပေါ်မှာ လုံးပါ။ ပြီးလျှင် ၀က်သားမြုပ်အောင်ရေထည့်ပြီးတည်ပါ။

၃။ ဆီပြန်လာလျှင် မီးဖိုပေါ်မှခဏချပါ။

၎။ ဒယ်အိုးတခုထဲတွင် ဆီ ထမင်းစားဇွန်း ၁ ဇွန်းကိုထည့်ပြီး ပုန်းရည်ကြီး ၂ ထုပ်ကိုမွှေးလာအောင် ဆီသတ်ပါ။

၅။ ဆီသတ်ထားသော ပုန်းရည်ကြီးကို ၀က်သားအိုးထဲထည့်၍ ရေကို ၀က်သားရဲ့ တ၀က်လောက်ပဲထည့်ပြီး ပြန်တည်ပါ။

၆။ ဆီပြန်ခါနီးအချိန်တွင် ပါးပါးလှီးထားသော ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းကိုထည့်၍ ဆီပြန်လာသည်အထိတည်ပါ။ (အသုပ်လိုမျိုးစားချင်လျှင် မီးဖိုပေါ်မှချမှ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကိုထည့်ပြီး သမအောင်မွှေလိုက်ပါ။)

၇။ ၀က်သားပုန်းရည်ကြီး ဆိမ့်ဆိမ့်စပ်စပ်လေးကို ထမင်းနှင့်သုံးဆောင်နိုင်ပါပြီရှင့်။
Source: Ei San's Homemade Inspiration

MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment